မန္တလေး ဧပြီ ၂၅
မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များကို တန်ဖိုးထားမြတ်နိုးတတ်စေရန်၊ အခြေခံပညာကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင်ပါဝင်သော အနုပညာဘာသာရပ်သင်ကြားမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားသည့် ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံ ဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်ကြမည့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၅ ရက်မှ မေ ၉ ရက်အထိ ဖွင့်လှစ်မည့် သင်တန်းတွင် မဟာဂီတကြိုးသီချင်း၊ မြန်မာ့ရိုးရာအဆိုပညာ၏ အခြေခံသံစဉ်ခုနစ်ပါး၊ စန္ဒရားအခြေခံလက်လေ့ကျင့် ခန်းများ၊ အမျိုးသား အမျိုးသမီး အခြေခံကဗျာလွတ် (ပထမအဆင့်) ကကွက်များ၊ ကျောင်းသားလူငယ်များ လူပုံရေးဆွဲရာတွင် လွယ်လင့်တကူချဉ်းကပ်ရေးဆွဲနိုင်စေရန် လူပုံရေးဆွဲနည်းများနှင့် အခြေခံ ကနုတ် ရေးဆွဲနည်းများ၊ ရိုးရာပန်းပုအပြင် ခေတ်ပြိုင်ပန်းပု၊ ဖန်တီးမှုအခြေခံသဘောတရားနှင့် စွန့်ပစ်ပစ္စည်းများကိုအသုံးပြုပြီး ပန်းပုအနုပညာဖန်တီးခြင်းတို့ကို ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း။
အနာဂတ်ခေါင်းဆောင်များဖြစ်ကြမည့် မျိုးဆက်သစ်ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့ဝါသနာပါရာ မြန်မာ့ရိုးရာသုခုမအနုပညာရပ်များကို နှစ်သက်မြတ်နိုးရန်လိုအပ်ကြောင်း၊ သို့မှသာ မျိုးချစ်စိတ်များ ထာဝစဉ်ရှင်သန်နေမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန်၊ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် မျိုးဆက်သစ်လူငယ်များအနေဖြင့် ယဉ်ကျေးမှုကိုယ်ခံအားကောင်းမွန်ပြီး မြန်မာ့သုခုမ အနုပညာရပ်များကို သင်တန်းကာလအတွင်း ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်က နွေရာသီအခြေခံဂီတ၊ အဆို၊ အကနှင့် ပန်းချီ၊ ပန်းပုသင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ဂီတပညာဌာနနှင့် သဘင်ပညာဌာနမှ ကျောင်းသား ကျောင်းသူများက အဆို၊ အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် အမှတ်(၉၅၁) ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ)က ဆောင်ရွက်လျက်ရှိသည့် သုဓမ္မာဇရပ်နှစ်ဆောင် ပြန်လည်တည်ဆောက်နေမှု၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကြီးကြပ်၍ ပြုပြင်ဆောင်ရွက်လျက်ရှိသည့် ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရှေးဟောင်းအဆောက်အအုံများ ပြုပြင်တည်ဆောက်ရာတွင် ရှေးမူမပျက် ပြန်လည်တည်ဆောက်သွားရန်၊ စဉ်ဆက်မပြတ်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် သုဓမ္မာဇရပ် နှစ်ဆောင်ကို ၂၀၂၆ ခုနှစ် မေလဆန်းတွင် ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ရှိ အရာထမ်း၊ အမှုထမ်းများအား အဆိုပါတက္ကသိုလ်ရှိ မဉ္ဇူသကဆောင်ခန်းမ၌ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ ယဉ်ကျေးမှုကဏ္ဍကို ထိန်းသိမ်းမြှင့်တင်ပြီး ဟိုတယ်ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်၊ အမျိုးသား အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်၊ တိုင်းရင်းသားတို့၏ စာပေ၊ ဂီတ၊ ရိုးရာယဉ်ကျေးမှု ကဏ္ဍများကို ထိန်းသိမ်းမြှင့်တင်နိုင်ရေး ဆောင်ရွက် ရန်၊ တက္ကသိုလ်အနေဖြင့် ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းရင်းဖြင့် ပြည်ပမှဝင်ရောက်လာသော ယဉ်ကျေးမှုများကို ကာကွယ်သွားရန်လိုအပ်ကြောင်း၊ အနုပညာဖန်တီးမှုများကို ဆောင်ရွက်သည့်အခါ ကြည့်ရှုသူစိတ်ဝင်စားမှုရှိအောင် အတွေးအခေါ်သစ်များဖြင့် ဖန်တီးထုတ်လုပ်သွားကြရန် မှာကြားသည်။
ယင်းနောက် တက္ကသိုလ်ရှိ သင်ကြားဆောင်များကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
