နေပြည်တော် ဧပြီ ၂၅
ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့သည် ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာ တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်။ မြောက်ဘက်တွင် တီးတိန်မြို့နယ်နှင့် တောင်ဘက်တွင် ဟားခါးမြို့နယ်တို့တည်ရှိကာ ဖလမ်းမြို့အနီး ဆူရ်ဘုန်တောင်တွင် လေယာဉ်ကွင်းရှိပြီး ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ရှိသည့်မြို့ဖြစ်သည်။ ဖလမ်းမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်သို့လည်းကောင်း၊ ဖလမ်း-ဟားခါးမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ဘက်သို့လည်းကောင်း သွားလာနိုင်ပြီး အချက်အချာကျပြီး နယ်မြေအေးချမ်းသည့် မြို့တစ်မြို့ဖြစ်သည်။
ထိုကဲ့သို့သော နယ်မြေအေးချမ်းသည့်တောင်ပေါ်ဒေသတွင် ရိုးသားစွာနေထိုင် လုပ်ကိုင်စားသောက်နေကြသည့် ပြည်သူများအား CDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက CRPH ၊ NUG အကြမ်းဖက်အဖွဲ့တို့၏ သွေးထိုးမြှောက်ပင့်မှုနှင့်အတူ ဒီမိုကရေစီအရေးနှင့် ဒေသကောင်းစားရေးဟု နိုင်ငံရေးမက်လုံးများဖြင့် စည်းရုံးသိမ်းသွင်း၍ အကြမ်းဖက်သင်တန်းများပို့ချပေးခဲ့သည်။ ထိုသို့ အကြမ်းဖက်သမားများအဖြစ် မွေးထုတ်ပေးကာ နယ်မြေခံပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များကိုဖျက်ဆီးပြီး အစိုးရအုပ်ချုပ်ရေးယန္တရားများပျက်စီးကာ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးစေရန်ရည်ရွယ်၍ ချင်းညီနောင်စစ်ဆင်ရေးအမည်ဖြင့် မြို့ရွာများတွင် တိုက်ပွဲများဖော်ဆောင်ခြင်း၊ လုံခြုံရေးအားနည်းသော တပ်စခန်းငယ်များကို အင်အားအလုံးအရင်းအသုံးပြု၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဖလမ်းမြို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အင်အားအလုံးအရင်းဖြင့် မြို့လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေခံတပ်ရင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျည်တစ်တောင့်၊ လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်များဖြင့် အသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ဖြင့် ပြန်လည်ခုခံတွန်းလှန်ခဲ့ကြသော်လည်း အကြမ်းဖက်သမားများအနေဖြင့် အတင်းအဓမ္မခြိမ်းခြောက် လူသစ်စုဆောင်းခြင်းဖြင့် ရရှိလာသော သာလွန်အင်အားများကိုအသုံးပြုကာ ဒေသခံတိုင်းရင်းသားပြည်သူလူထုအား လူသားတံတိုင်းအဖြစ် အသုံးချ၍ တိုက်ခိုက်လာခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိုင်းရင်းသားပြည်သူများ ထိခိုက်မှုမရှိစေရန်နှင့် ပြည်သူလူထု၏နေအိမ်များ၊ သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ခုခံခဲ့သည်။ ထိုသို့ စစ်ဆင်ရေးကာလ (၆) လကြာမျှခုခံခဲ့ရာ ထိခိုက်၊ ဒဏ်ရာရရှိမှုများပြားလာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်နည်းဗျူဟာမြောက် ကြားခံစစ်အဆင့်ဆင့်ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် စနစ်တကျဆုတ်ခွာခဲ့ရသဖြင့် အကြမ်းဖက်သောင်းကျန်းသူများသည် ဖလမ်းမြို့အား ယာယီစိုးမိုးခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ချင်းပြည်နယ်၊ ခရိုင်မြို့တော်ကြီးတစ်ခုဖြစ်သည့် ဖလမ်းမြို့အား အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိနိုင်ရေးနှင့် CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် ကလေးမြို့နှင့် တီးတိန်မြို့တို့၌ လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများနှင့် အုပ်ချုပ်ထောက်ပံ့မှုများကို ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး မြေပြင်/ ဝေဟင် ဟန်ချက်ညီပေါင်းစပ်စုဖွဲ့၍ စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းခြင်းများစတင်ခဲ့ပြီး တန်ပြန်တိုက်စစ်များ တစ်ဆင့်ပြီး တစ်ဆင့် ခြေကုပ်ယူထိုးဖောက်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော သာယာကုန်းကျေးရွာအားလည်းကောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် နတ်ချောင်းတံတားအားလည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ပွိုင့်-၂၂၄၄ တောင်ကုန်းအားလည်းကောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကနေဒီတောင်နှင့် ဝေဘူလစခန်းတို့အားလည်းကောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပွိုင့် ၂၀၆၄ တောင်ကုန်းအားလည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် သိုင်းငင်းစခန်းအားလည်းကောင်း၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပွိုင့် ၁၃၆၁ တောင်ကုန်းအားလည်းကောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဇောင်ကောင်ကျေးရွာအား လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဇွယ်လေကျေးရွာအားလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထင်းရှူးစခန်းကျေးရွာအားလည်းကောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ပါသဲကျေးရွာအားလည်းကောင်း၊ ဧပြီလ ၁၉ ရက်နေ့တွင် ဗားတံတားအားလည်းကောင်း၊ ဧပြီလ ၂၂ ရက်နေ့တွင် ခွန်လီ ကျေးရွာအားလည်းကောင်း၊ ဧပြီလ ၂၃ ရက်နေ့တွင် ပွိုင့် ၁၇၁၀ တောင်ကုန်း၊ ကြောင်ဟင်ရှာကျေးရွာနှင့် ဆွန်ဟရန်ကျေးရွာတို့အားလည်းကောင်း၊ ဧပြီလ ၂၄ ရက် နေ့တွင် ဆူရ်ဘုန်လေဆိပ်နှင့် ဆီဇာမော်ကျေးရွာတို့အားလည်းကောင်း အသီးသီးအောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့ ယနေ့တွင် အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် ဖလမ်းမြို့အား တပ်မတော်စစ်ကြောင်းများက အပြီးအတိုင်အလုံးစုံ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
ထိုသို့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ နေရပ်ဇာတိ အိုးအိမ်နေရာများ၌ စိတ်အေးချမ်းသာစွာ ပြန်လည်နေထိုင်လိုသည့်ဆန္ဒ၊ အကြမ်းဖက်သောင်းကျန်းသူများ၏ အသက်အန္တရာယ်ရန်ပြုမှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှု၊ ထိတ်လန့်ကြောက်ရွံ့နေရမှု ဘေးမှကင်းဝေးပြီး ၎င်းတို့၏ လူမှုစီးပွားဘဝအတွက် အေးချမ်းစွာ ရှာဖွေလုပ်ကိုင်စားသောက်လိုသည့် စိတ်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်သည်။
တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့နှင့်အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ အဆင့်ဆင့် ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ တိုက်ပွဲငယ် ထိတွေ့မှုစုစုပေါင်း ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၉ လောင်း၊ လက်နက်မျိုးစုံ ၃၃ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဖလမ်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ယာယီစိုးမိုးထားစဉ် မြို့ / ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအား ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံတိုင်းရင်းသားများအနေဖြင့်လည်း အကြမ်းဖက်သမားများအား စက်ဆုတ်ရွံရှာ မုန်းတီးခြင်းနှင့်အတူ ဆင်းရဲမှုဘေးဒုက္ခကြီးစွာဖြင့် နီးစပ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဖလမ်းမြို့အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာလုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းများအား ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ ဆေးခန်းများ၊ ရုံး/ ဌာနအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ လုံးဝကင်းစင်ပပျောက်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်လျက်ရှိသည်။ ထို့ကြောင့် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်ရန် အခွင့်အရေးတစ်ခုအနေဖြင့် စဉ်းစားချိန်တန်ပြီဖြစ်ကြောင်း မြဝတီအဖွဲ့သားများက သတင်းစကား ပါးအပ်လိုက်ပါသည်။
