နေပြည်တော် ဧပြီ ၂၃
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပမည့် သမိုင်းဝင်အဆောက်အအုံများနှင့်လမ်းများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ရန်ကုန်မြို့တော်ဝန်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၂)က တာဝန်ယူ ပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက ရရှိရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၊ ကမ္ဘာအေးမဟာသိမ်တော်ကြီး၊ ပုဗ္ဗဝိဒေဟ ကျောင်းဆောင်၊ ဥတ္တရကုရုကျောင်းဆောင်၊ အပရဂေါယာနကျောင်းဆောင်၊ ဇမ္ဗု့ဒီပကျောင်း ဆောင်၊ ပုံနှိပ်တိုက်၊ ဘဲဥပုံသဏ္ဌာန်ကန်တော်၊ ဗုဒ္ဓသာသနာ့ဆေးရုံ၊ ကမ္ဘာအေးမဟာသိမ်တော်ကြီး၊ ဆသင်္ဂါယနာမော်ကွန်းပြတိုက်၊ ဗုဒ္ဓပြတိုက်၊ သုတေသနပိဋကတ်တိုက် စသည့်နေရာများတွင် ပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပရာတွင် ပြည်ပနိုင်ငံများမှ ဧည့်သည်တော်များကို ဖိတ်ကြားမည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမိုင်းဝင်အထင်ကရအဆောက်အအုံများ ပြင်ဆင်ရာ၌ ရှေးမူလက်ရာများကို မပျက်စီးစေအောင် ထိန်းသိမ်း၍ ခေတ်နှင့်လျော်ညီသည့်စနစ်များနှင့် ရေရှည်တည်တံ့ ကောင်းမွန်စေမည့်စနစ်များဖြင့် ယဉ်ကျေးမှုဗိသုကာများနှင့်အညီ ဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ အမျိုးအစားမှန်ကန်ပြီး အရည်အသွေးစံချိန်စံညွှန်းပြည့်မီစေရန် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှု ဟန်ချက်ညီစေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပြီး နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ဆပ်ကော်မတီ၏လုပ်ငန်းများ သတ်မှတ်အချိန်အတွင်းပြီးစီးရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှု စစ်ဆေးပြီး ကဏ္ဍအလိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီပြီးစီးစေရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဆပ်ကော်မတီအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
