နေပြည်တော် ဧပြီ ၂၃
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲများကို ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဧပြီ ၂၁ ရက်မှ ၂၃ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် Hybrid Format ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်များမှ ကိုယ်စားလှယ်များက In-person တက်ရောက်ကြပြီး အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦး၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် ရုံးဝန်ထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သောဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နောက်ပိုင်းကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဓိကတာဝန်ယူထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်နေသော စွမ်းအင်အကျပ်အတည်းများကြောင့် လူ့အခွင့်အရေးကျင့်သုံးခံစားမှုအပေါ် သက်ရောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဖိုရမ်အနေဖြင့် ပြင်ပအဖွဲ့အစည်းများနှင့် ပတ်သက်သည့် တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ဖိုရမ်၏မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (SCWG) ၏ တိုးတက်ဖြစ်ထွန်းမှုများ၊ ဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဖိုရမ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက ဆွေးနွေးပြီး SEANF ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စ ရပ်များအနက် ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသော ဦးစားပေး ကိစ္စရပ် အမှတ်(၂) ဖြစ်သည့် “စီးပွားရေး လုပ်ငန်းများတွင် လူ့အခွင့်အရေးမြှင့်တင်ရန်နှင့် ကာကွယ်ရန်” ကိစ္စရပ်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေကို ကော်မရှင်ရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ဆွေးနွေးသည်။
ထို့နောက် “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား ကာကွယ်ခြင်း - Defending the Defenders” ခေါင်းစဉ်ဖြင့် ဆက်စပ်ဆွေးနွေးပွဲကို ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် အရှေ့တောင်အာရှရှိ ကလေးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပါအဝင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ၎င်းတို့၏ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရသော ဘေးအန္တရာယ်များနှင့် ဖိအားများအပေါ် အပြန်အလှန်ဆွေးနွေးခြင်း၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပံ့ပိုးကူညီခြင်းတို့တွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအတွက် အကာအကွယ်နှင့်ပံ့ပိုးမှုများ ပိုမိုခိုင်မာအားကောင်းစေမည့် မဟာဗျူဟာများ ဖော်ဆောင်နိုင်ရေးနှင့်စပ်လျဉ်း၍ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများအကြား အတွေ့အကြုံများနှင့် ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို အပြန်အလှန်ဆွေးနွေးခြင်းနှင့် အုပ်စုလိုက်ဆွေးနွေးခြင်းများ ပြုလုပ်ပြီးကော်မရှင်မှ ပါဝင်ဆွေးနွေးမှုများ ပြုလုပ်သည်။
ယနေ့တွင် ဖိုရမ်၏ ဒုတိယမြောက် ဆက်စပ်ဆွေးနွေးပွဲကို “လူ့အခွင့်အရေး၊ စီးပွားရေး လုပ်ငန်းများနှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှုဖိုရမ် (၂၀၂၆)- Forum on Human Rights, Business, and Climate Justice 2026” ခေါင်းစဉ်ဖြင့် ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် “ကြေညာစာတမ်းအဆင့်မှသည် လက်တွေ့လုပ်ဆောင်မှုအဆင့်သို့ အာဆီယံမူဘောင်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း - From Declaration to Action: Operationalizing the ASEAN Framework”၊ “အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေး - Business and Human Rights (BHR) in ASEAN” ၊ “နယ်စပ်ဖြတ်ကျော် ရာသီဥတုဆိုင်ရာ တရားမျှတမှု- Transboundary Climate Justice” ၊ “ရာသီဥတုဆိုင်ရာ တရားမျှတမှု - အပြန်အလှန် ဆက်နွှယ်နေသော မညီမျှမှုများကို ဖြေရှင်းဆောင်ရွက်ခြင်း - Climate Justice: Addressing Intersecting Inequalities” စသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြပြီး ကော်မရှင်မှ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
