Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင် ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေး သင်တန်းဖွင့်ပွဲ တက်ရောက်

နေပြည်တော် ဧပြီ ၂၃

ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် “ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးသင်တန်း” ကို မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နေပြည်တော်၌ ကျင်းပသည်။

ဦးစွာ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ပြည်သူလူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးကို မြို့နယ်များရှိ ကျေးလက်နေဒေသများအထိ အမျိုးသမီးအဖွဲ့ဝင်များကို စေတနာ့ဝန်ထမ်းများအဖြစ် အသိပညာပေး မွေးထုတ်ပေးမည်ဖြစ်ပါ၍ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်သည် ၂၀၁၄ ခုနှစ်မှစတင်၍ ပြည်သူလူထုအခြေပြုတီဘီရောဂါ တိုက်ဖျက်ရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်ငါးခုရှိမြို့နယ်များမှ စတင်အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ပြည်သူလူထုအခြေပြု လုပ်ငန်းများကို မြို့နယ်များရှိ ကျေးလက်များတွင် စေတနာ့ဝန်ထမ်းသင်တန်းများပေးပြီး မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွင်း တီဘီရောဂါ သံသယရှိသူများကို ရှာဖွေဖော်ထုတ်၍ ရောဂါပိုးရှိသူများကို စေတနာ့ဝန်ထမ်းများကိုယ်တိုင် ဆေးတိုက်ကျွေးပြီး ပုံမှန်စောင့်ကြည့်သောလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၂၄-၂၀၂၆ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ် ၁၁ မြို့နယ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း၊ ပြည်သူလူထုအတွင်း တီဘီရောဂါလျှော့ချရေးကို ကျေးလက်ဒေသများအထိ သင်တန်းများဖွင့်လှစ်၍ အမျိုးသမီးရေးရာအဖွဲ့များက စေတနာ့ဝန်ထမ်းများအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ပါ၍ သင်တန်းက ပို့ချပေးသည့်သင်ခန်းစာများကို အလေးအနက်ထား မှတ်သားစေလိုပါကြောင်း၊ ကျေးလက်ဒေသများအထိ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသမီးရေးရာအဖွဲ့ဝင်များက ထဲထဲဝင်ဝင်အိမ်တိုင်ရာရောက်သွားရောက်မည့် လုပ်ငန်းများဖြစ်ပါသဖြင့် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါ၍ အကျိုးရှိသောလုပ်ငန်းများဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တီဘီစီမံချက်မန်နေဂျာ ဒေါက်တာထွန်းဦးက စီမံချက်နှင့် ပတ်သက်သည်များကို ဆွေးနွေးတင်ပြသည်။ အဆိုပါအခမ်းအနားဖွင့်ပွဲသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဗဟိုအမှုဆောင်များ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ၁၁ မြို့နယ်မှ သင်တန်းသူ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန တီဘီစီမံချက်မှ သင်တန်းဆရာများစုစုပေါင်း ၃၈ ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းကို ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ နှစ်ရက်တာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်