နေပြည်တော် ဧပြီ ၁၃
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မိုးဗြဲဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း၊ ဒီမော့ဆိုဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ကယားပြည်နယ်၊ ဖရူဆိုမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း ယနေ့နံနက်ပိုင်းတွင် အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့် လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကားပြောကြားကာ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
