မြန်မာ့တောင်သူလယ်သမားတို့ဘဝ အေးချမ်းရမည်
တောင်သူလယ်သမားအပေါင်းဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလများတိုင်ကျေးဇူးရှင်တွေဖြစ်ကြောင်း၊ အနာဂတ်မှာ စိတ်အေးဖွယ်ရာတွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း အသိပေးလိုသဖြင့် ဒီဆောင်းပါးကိုရေးသားခြင်းဖြစ်ပါတယ်။ တောင်သူလယ်သမားများဟာ လယ်ယာလုပ်ငန်းမှာ မိသားစုဘဝ တိုးတက်ဖွံ့ဖြိုးရေးကစလို့ နိုင်ငံတော်အတွက် ဆန်စပါးနဲ့ ပဲ၊ ပြောင်း၊ ဝါကို ပို့ကုန်အဖြစ် ပင်ပန်းကြီးစွာ ထုတ်လုပ်ပေးနေကြပါတယ်။ တောင်သူလယ်သမားကြီးများရဲ့ နွေ၊ မိုး၊ ဆောင်းမရှောင် ကိုယ်ခန္ဓာပင်ပန်းမှုကို ပဓာနမထားဘဲ စားရေရိက္ခာအစုံ ထုတ်လုပ်ပေးမှုကြောင့် ပြည်တွင်းဖူလုံရုံသာမက နိုင်ငံခြားသို့ပင်တင်ပို့ရောင်းချနိုင်ပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ စေတီပုထိုးတွေတည်ဆောက်၊ အလှူဒါနတွေလည်း ပြုလုပ်နိုင်ကြပါတယ်။ ၁၉၅၈ ခုနှစ်မှာ မြန်မာဟာဆန်တန်ချိန် ၆ ဒသမ ၄ သန်းထွက်ရှိတော့ ကမ္ဘာကိုဆန်တန်ချိန်အများဆုံး တင်ပို့ရောင်းချတဲ့ စံချိန်ကိုတင်ခဲ့ပါတယ်။ အဲဒီတုန်းက ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကျွန်တော်တို့စံချိန်မမီခဲ့ပါဘူး။
