အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက် နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် ယခုမေလမှစတင်၍ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလများအတွင်း လေထုမငြိမ်သက်မှုများကြောင့်လည်းကောင်း၊ နေ့အပူအချိန်များ တဖြည်းဖြည်းမြင့်တက် လာရာမှ အပူပြန်တက်မိုးတိမ်များ ဖြစ်ထွန်းလာသဖြင့် နေ့စဉ်မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းတို့ကြောင့်လည်းကောင်း လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းများနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ပြီး လေပြင်းများ တိုက်ခတ်စဉ် မြေပြင်ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်သည်ဟု အသိပေးထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အပူချိန်မြင့်မားလာမှုနှင့်အတူ အပူပြန်တိမ်တိုက်များ ဖြစ်ထွန်းမှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ရုတ်တရက်ထူးကဲစွာဖြစ်ပေါ်ခဲ့သောကြောင့် ရေကြီးရေလျှံမှုများနှင့်လေပြင်းတိုက်ခတ်သည့် အန္တရာယ်များကိုကြုံတွေ့ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာပြည်အောက်ပိုင်းဒေသအချို့တွင် နေရာကွက်ကျား မိုးရွာသွန်းမှုအခြေအနေများနှင့် မကြုံတွေ့ခဲ့ရသော်လည်း လေပြင်းတိုက်ခတ်မှုအန္တရာယ်များကို ကြုံတွေ့ခဲ့ရသည်။ မုတ်သုံမဝင်မီ ယခုကာလများ၌ မိုးလေဝသဌာနက ကြိုတင်သတိပေးထားသည့်အတိုင်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြုံတွေ့နေရပြီး အပူချိန်မြင့်မားမှုမှာ သိသိသာသာဖြစ်ပေါ်လျက်ရှိသည်။
နွေအကုန်မိုးအကူး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကာလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ခန့်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း အသိပေးထားသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်ရှိနေနိုင်သည်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။ မြန်မာပြည်အောက်ပိုင်း၊ အလယ်ပိုင်းနှင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မေလဒုတိယပတ်တွင် မိုးထစ်ချုန်းရွာနိုင်သည်။
မိုးဦးကာလသည် မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်ကာလမှ ဇွန်လကုန်အထိဖြစ်သည်။ မိုးနှောင်းကာလသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားချိန်ဖြစ်သည်။ မိုးဦးကာလနှင့်မိုးနှောင်းကာလတို့တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ဖြစ်လေ့ဖြစ်စဉ် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အချို့လေဖိအားနည်းရပ်ဝန်းများသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်များဖြစ်ပေါ်လာနိုင်သည်။ လက်ရှိကာလတွင် အပူချိန်မြင့်တက်မှုကို နိုင်ငံတစ်ဝန်း၌ ခံစားနေကြရပြီး မြန်မာပြည်အောက်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တွင် မေလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်သော်လည်း ပြီးခဲ့သည့် ဧပြီလအတွင်းက ပူပြင်းခဲ့သည့် စံချိန်တင်အပူချိန်ထက် သိသိသာသာ လျော့ကျလာသည်ကို ခံစားကြရမည်ဖြစ်သည်။
ယခု ၂၀၂၆ ခုနှစ်အနေဖြင့် အပူချိန်စံချိန်တင်မြင့်မားခဲ့သဖြင့် အပူဒဏ်ကြောင့် ကျန်းမာရေးအတွက် ထိခိုက်မှုအခြေအနေများရှိခဲ့သော်လည်း အလွန်ပူပြင်းသည့် နွေရာသီကာလများတွင် မီးလောင်ကျွမ်းမှုမှာ ယခင်နှစ်များထက် လျော့နည်းခဲ့သည်ကိုတွေ့ရသည်။ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် အနောက်တောင်မုတ်သုံလေနှင့်အတူ မိုးရွာသွန်းမှုကို မျှော်လင့်ကြသော်လည်း မိုးဦးကာလနှင့် မိုးနှောင်းကာလတို့တွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်သတိပြုဆင်ခြင် နေထိုင်ပြုမူလုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
