Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုလုပ်ငန်းစဉ်များ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၂၇

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ အားတွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် ဝန်ထမ်းများဖြစ်၍ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသည့် အလုပ်ဖြစ်သဖြင့် စေတနာထားဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ထိရောက်သည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရေး၊ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဖြစ်စေရေးအလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း။

ကျန်းမာရေးနှင့် စပ်လျဉ်း၍လည်း အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ဆေးဝါးကုသမှုခံယူနေသည့် အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေးကုခန်းတစ်ခန်း၊ ဌာနကြီးဆေးခန်း ၂၁ ခန်း၊ စာချုပ်ဆေးခန်း ၅၃ ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်းငါးခန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၁၄၆၆၈၅ ဦးကို ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးဖိုးပြန်အမ်းအမှုတွဲ ၇၇၈၀၇ မှုအတွက် ငွေကျပ်သန်း ၇၉၇၄ ဒသမ ၃၉၆ ကို ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်