နေပြည်တော် ဧပြီ ၂၇
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (တောင်ကြီး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ နည်းပညာတက္ကသိုလ် (တောင်ကြီး) ၏ စကေးကိုက်အကွက်ချပုံစံပေါ်မူတည်၍ အဆောက်အအုံများ တည်ဆောက်ထားရှိမှုများကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီး အဆောက်အအုံအသစ်များ ထပ်မံဖြည်းဆည်းဆောင်ရွက်ရာတွင် သတ်မှတ်ဇုန်အလိုက် အစီအစဉ်တကျနှင့် စနစ်တကျတည်ရှိနိုင်ရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေး၊ နောင်အနာဂတ်တွင် ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန် အခြေခံအဆောက်အအုံလိုအပ်ချက်ပေါ်မူတည်၍ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က တက္ကသိုလ်နှင့် စပ်လျဉ်း၍ တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်ဆောင်ရွက်မည့် စာသင်ဆောင်များ၊ Lab ခန်းများ၊ အလုပ်ရုံများ၊ အသစ်တည်ဆောက်မည့် ကျောင်းသား ကျောင်းသူအဆောင်၊ ဒုတိယပါမောက္ခချုပ်အိမ်ရာ၊ အရာရှိအိမ်ရာများနှင့် ဆရာ ဆရာမအိမ်ရာများ ဆောက်လုပ်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးကာ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် လိုအပ်ချက်များနှင့်အညီ တင်ပြဆောင်ရွက်ရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်ရေးနှင့် သင်ကြားသင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်နေစေရေး အစဉ်ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ တက္ကသိုလ်သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးကို ဂရုတစိုက်ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်တာဝန်ရှိသူများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး) သို့ သွားရောက်၍ လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအစည်းအဝေးခန်းမတွင် ကျောင်းနှင့်စပ်လျဉ်းသည့် အချက်အလက်တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
