နေပြည်တော် ဧပြီ ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဝန်ထမ်းများအားဌာန၏ တာဝန်နှင့် ဆောင်ရွက်သွားမည့် အစီအမံများ ရှင်းလင်းပြောကြားခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ၌ ပြုလုပ်သည်။
ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံကျပါကြောင်း၊ နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍမြှင့်တင်ရေး အလေးထားလုပ်ဆောင်သွားရန် နိုင်ငံတော်သမ္မတကလမ်းညွှန်မှုပြုထားပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိဝန်ထမ်းများ အလုပ်တာဝန်များ ဆောင်ရွက်ရာတွင် ရလဒ်ကောင်းများ ရရှိလာစေရန် နိုင်ငံတော်နှင့် ပြည်သူတို့ အကျိုးကို ရှေးရှုလုပ်ဆောင်ကြစေလိုပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ကျွမ်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ဘူမိဗေဒပညာရှင်များဖြင့် ဖွဲ့စည်းလုပ်ဆောင်ရသည့် အလုပ်ဖြစ်သောကြောင့် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် မိမိတို့၏နယ်ပယ်အသီးသီးတွင် Professional ဖြစ်လာစေရန် ကြိုးစားကြစေလိုပါကြောင်း၊ “ပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် မည်သည့်အကြောင်းအရာကို မျှလက်ခံမည်မဟုတ်” ဆိုသော နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အား နှလုံးသွင်း၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေမှုများကို တွေ့ရှိရပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းလုပ်ငန်းများ လျင်မြန်စွာ ပြီးမြောက်စေရေးတွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ လျှပ်စစ်ဓာတ်အားလေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး နည်းပညာအသုံးပြုဆောင်ရွက်ခြင်း၊ မသမာမှုများ ပြုလုပ်နေခြင်းတို့ကို ထိရောက်စွာ ဟန့်တားနိုင်ရန်အစီအမံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓာတ်အားလေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံတော်အနေဖြင့် ဝင်ငွေတိုးမြှင့်ရရှိမည် ဖြစ်သည့်အပြင် ဆုံးရှုံးနေသည့် ဓာတ်အားများအား လိုအပ်မှုရှိနေသည့် နေရာများသို့ တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် ချမှတ်ဆောင်ရွက်မည့် အစီအမံအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ယုံကြည် အားကိုးမှုရရှိသည့် ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်ရေးဝန်ထမ်းတိုင်းအနေဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း မှာကြားသည်။
ဆက်လက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က 500KV ဓာတ်အားလိုင်း တည်ဆောက်နေမှုအခြေအနေများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက လျှပ်စစ်ဓာတ်အား လျော့နည်း ပျောက်ဆုံးမှုကျဆင်းစေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ကြီးကြပ်မှုအောက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အရာထမ်း၊ အမှုထမ်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
