နေပြည်တော် ဧပြီ ၂၈
အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် အဓမ္မလက်ထပ်ပေါင်းသင်းစေပြီး ရရှိသောငွေကြေး အကျိုးအမြတ်အား ခေါင်းပုံဖြတ်ရယူ ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၉) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် အလုပ်လုပ်ကိုင်ရန်အတွက် တစ်မြို့နယ်တည်းနေ သူငယ်ချင်းဖြစ်သူ မယုယုခိုင်အားတိုင်ပင်ခဲ့ရာ မယုယုခိုင်က တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၁၈၀/၂၀၀ ရရှိမည်ဟု စည်းရုံးပြောဆို၍ ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင် (ပတ္တမြားဈေးအနီးရှိ) လက်ဖက်ရည်ဆိုင်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် (၁၉) ရပ်ကွက်နေ ကိုဇာနည်မင်းနှင့်တွေ့ဆုံပေးခဲ့ရာ ကိုဇာနည်မင်းက အမျိုးသမီးကို တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်) နှင့် ဆက်လက်တွေ့ဆုံပေးခဲ့ကြောင်း။
အလုပ်နှင့် ထောင်ဒဏ်ချမှတ်
တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်) က သဘောကျသဖြင့် တင်တောင်းငွေကျပ်သိန်း ၁၈၀ ပေးမည်ဟုပြောဆိုပြီး ကိုဇာနည်မင်းကို အကျိုးဆောင်ခငွေကျပ် ၅ သိန်းနှင့် မင်္ဂလာဆွမ်းကျွေးရန်ငွေကျပ် ၁၀ သိန်းတို့ကိုပေးအပ်ခဲ့ကြောင်း၊ မင်္ဂလာဆွမ်းကျွေးသည့်နေ့တွင် တင်တောင်းငွေကျပ် သိန်း ၈၀ နှင့် ကျောက်တံတားခရိုင်တရားရုံးတွင် လက်ထပ်ထိမ်းမြား လက်မှတ်ရေးထိုးစဉ် ငွေကျပ်သိန်း ၅၀ ကို အမျိုးသမီးထံသို့ပေးအပ်ခဲ့ကြောင်း၊ ကျန်ငွေကျပ်သိန်း ၅၀ ကိုလေယာဉ်တက်ချိန်ပေးမည်ဟုပြောဆိုခဲ့ပြီး တရုတ်နိုင်ငံသို့သွားရောက်ရန် စာရွက်စာတမ်းများပြုလုပ်ပြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ရွှေပဒုမ္မာဟိုတယ်တွင် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် တရုတ်နိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းစေရန် တင်တောင်းငွေများဖြင့် မက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ်ထိမ်းမြားစေပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူ တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်)၊ ကိုဇာနည်မင်းနှင့် မယုယုခိုင်တို့သုံးဦးကို အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရွှေပြည်သာမြို့မရဲစခန်း (ပ)၂၀၃/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်တွင် မင်္ဂလာဒုံခရိုင်တရားရုံးမှ တရုတ်အမျိုးသား Mr.WU JIN MIN (ဝူကျင်းမင်) ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ မယုယုခိုင်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ ကျင့် ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
